ပုံကို ဒကာလေး ကိုမိုးယံဆိုဒ်မှ ကူးယူဖော်ပြပါသည်...
ထိုနေ့ ရာသီဥတု ဟက်ဟက်ပက်ပက် ပြုံးနေသည်။ ထိုအပြုံးသည် လှောင်ပြုံးမဟုတ်သလို မချိပြုံးလေးလည်း မဟုတ်ပြန်။ “သည်ဘုန်းဘုန်းကို မြင်ဖူးသလိုပဲ”ဟု သူ့စိတ်ထဲက ထင်မှတ်လျက် အသက် ၂၃-၀န်းကျင်ခန့်ရှိပြီး ခပ်တိုတိုဆံပင်တွေက ရွှေရောင်အနည်းငယ် သန်းကာ မိုးပေါ်သို့ ထောင်တက်လျက်ရှိသော လူငယ်လေးတစ်ယောက် ကွာလာလမ်ပူမြို့ရှိ ကားမှတ်တိုင်တစ်ခုတွင် ထိုင်နေသည်။
-သူ့အားလပ်ရက်ဖြစ်သောကြောင့် အနက်ရောင် ကျောပိုးအိတ်တစ်လုံးကိုလွယ်ပြီး အပန်းဖြေ စရာ နေရာတစ်ခုခုသို့ သွားရန် ဘတ်စ်ကားစောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အုဌ်ခဲရောင်သင်္ကန်း ၀တ်ထားသော ဘုန်းဘုန်းတစ်ပါးလည်း ထိုကားမှတ်တိုင်တွင် စီးရမည့် ဘတ်စ်ကားကို မျှော်နေ သည်။ သူဘယ်မှာ မြင်ဖူးသနည်းဟု အတွေးအိမ်ဖွဲ့နေမိသည်။ အတွေးပင်လယ်ကူးခတ်နေစဉ် “အော်…ဟုတ်ပြီ”ဟု သူတစ်ထစ်ချ ဆုံးဖြတ်လိုက်သည်။
သူသည် မြန်မာဘလော့များတွင် စာဖတ်ပရိသတ်တစ်ဦးဖြစ်သည်။
စာသာလိုက်ဖတ်နေပေမယ့် သူ့ကိုယ်ပိုင်ဝဘ်ဆိုဒ်တော့ အကြောင်းအမျိုးမျိုးကြောင့် မတည်ဆောက်မိ။ လူဝတ်ကြောင်တို့ ၀ဘ်ဆိုဒ်ဖြစ်စေ၊ ဘုန်းဘုန်းများတို့ဝဘ်ဆိုဒ်ဖြစ်စေ ခေါင်းစဉ်ကိုကြည့်ပြီး သူနှစ်သက်သည့် ခေါင်း စဉ်ဖြစ်လျှင် သူဝင်ဖတ်ဖြစ်သည်။ ထို့ကြောင့် ထိုဘုန်းဘုန်းကို ဘုန်းဘုန်းတစ်ပါးရဲ့ဘလော့ပေါ် မှာ မြင်ဖူးသည်ဟု သူတထစ်ချ ယုံထားလိုက်သည်။ မှတ်မိနေတော့သည်။ ထိုဘုန်းဘုန်းနှင့် စကားပြောလိုသည်။ အခြေအနေကိုကြည့်ကာ တဖြည်းဖြည်းနှင့် ဘုန်းဘုန်းအနားသို့ ကပ်လာသည်။ ချိုမြိန်အေးမြတဲ့အပြုံးများနှင့်…
စာသာလိုက်ဖတ်နေပေမယ့် သူ့ကိုယ်ပိုင်ဝဘ်ဆိုဒ်တော့ အကြောင်းအမျိုးမျိုးကြောင့် မတည်ဆောက်မိ။ လူဝတ်ကြောင်တို့ ၀ဘ်ဆိုဒ်ဖြစ်စေ၊ ဘုန်းဘုန်းများတို့ဝဘ်ဆိုဒ်ဖြစ်စေ ခေါင်းစဉ်ကိုကြည့်ပြီး သူနှစ်သက်သည့် ခေါင်း စဉ်ဖြစ်လျှင် သူဝင်ဖတ်ဖြစ်သည်။ ထို့ကြောင့် ထိုဘုန်းဘုန်းကို ဘုန်းဘုန်းတစ်ပါးရဲ့ဘလော့ပေါ် မှာ မြင်ဖူးသည်ဟု သူတထစ်ချ ယုံထားလိုက်သည်။ မှတ်မိနေတော့သည်။ ထိုဘုန်းဘုန်းနှင့် စကားပြောလိုသည်။ အခြေအနေကိုကြည့်ကာ တဖြည်းဖြည်းနှင့် ဘုန်းဘုန်းအနားသို့ ကပ်လာသည်။ ချိုမြိန်အေးမြတဲ့အပြုံးများနှင့်…
“ဘုန်းဘုန်းက မြန်မာလားဘုရား”
“ဟုတ်ပါတယ်”
“ဘုန်းဘုန်းကို တပည့်တော်မြင်ဖူးသလိုပဲဘုရား။ တောက်ပကြယ်စင်ဘလော့ထဲမှာထင်ပါတယ် ဘုရား”
“အင့် ဒကာလေးကော ၀ဘ်ဆိုဒ်မှာ စာတွေရေးနေတယ်ပေါ့”
“တပည့်တော်မရေးပါဘူးဘုရား။ တပည့်တော်က စာဖတ်ပရိသတ်။ စာတွေပဲ လိုက်ဖတ်နေတာပဲ ရှိတယ်ဘုရား”
“အော်...”
“ဘုန်းဘုန်းက ဘယ်ကိုကြွမလို့လည်းဘုရား”
“လောယက်ပလာဇာမှာ မြန်မာပြည်အပြန်လက်ဆောင်လေးဘာလေး သွားဝယ်ပြီးတော့ အခုကျောင်းပြန်မလို့ပါ”
“ဘုန်းဘုန်း အချိန်ရသေးလားဘုရား။ တပည့်တော် ဘုန်းဘုန်းနဲ့ စကားနည်းနည်းပြော ချင်သေးလို့”
ဘုန်းဘုန်းကို သူလျှောက်ချင်၊ မေးချင်တဲ့ မေးခွန်တွေဟာ သည်နေ့မှ မမေးရလျှင် မှိုတက်နေတော့မည် ဖြစ်သည်။
“အင့် ရပါတယ်၊ ဒါပေမယ့် သည်ဘတ်စ်ကားမှတ်တိုင်နေရာမျိုးမှာ အကြာကြီးပြောလို့တော့ သိပ်မသင့်တော်ဘူးထင်တယ်။ တစ်နေရာရာကို သွားထိုင်ပြီး ပြောမယ်ဆိုရင် ပိုပြီး ကောင်းမယ် ထင်တယ်”
“မှန်ပါ တပည့်တော်လည်း ဒီနေ့ အလုပ်ပိတ်တာနဲ့ စိတ်ပြေလက်ပျောက် တစ်နေရာရာ သွားမလို့ဘုရား။ ဒါဆို တက်စီငှားပြီး KLCC အနောက်ထဲ သွားကြရအောင်ဘုရား”
“အင့် သွားကြတာပေါ့”
KLCC (မလေးရှားမှာ နာမည်ကြီး တိုက်ညီနောင်အဆောက်အဦး) ၄င်းအဆောက်အဦး တို့ရဲ့ နောက်ဘက်မှာ လူတော်တော်များများက လာရောက်လည်ပတ် အနားယူလေ့ရှိသည်။ သစ်ပင်တစ်ပင်ရဲ့ အရိပ်ကို ခိုလှုံရင်း ထိုင်ခုံနှစ်ခုပေါ်တွင် အသီးသီးနေရာယူကြလျက်…
KLCC Park ပုံကို Google မှ ကူးယူတင်ပြသည်...
သူက 100(plus)အအေးဗူးထဲမှ အအေးကို နည်းနည်းချင်းစီနဲ့ဖြေးဖြေးချင်း စုတ်ယူလျက် ထိုဘုန်းဘုန်းကို မေးလျှောက်ရန် ကျန်ရှိနေသေးသော မေးခွန်းများကို စီလျက် ဘယ်ဟာကို စ-မေးရလျှင် ကောင်းမည်နည်းဟု တွေးတောရင်း ပတ်ဝန်းကျင်မှ လှုပ်ရှားနေကြသော ရူပါရုံ၊ သဒ္ဒါရုံတို့ကို ခံစားနေသည်။ သူက…
“ဘုန်းဘုန်းကို နောက်ထပ်မေးချင်တဲ့ အကြောင်းအရာလေးက နည်းနည်းလေး ဟိုဝါဖြစ် တယ်ဘုရား။ မေးလိုက်ရင် ဘုန်းဘုန်းစိတ်ထဲ စနိုးစနောက်၊ ကသိကအောက်ဖြစ်သွားမှာလည်း စိုးတယ်ဘုရား”
“အို ဘာများလည်းကွယ်။ ရဟန်းတွေဆိုတာက စိတ်ထားနူးညံ့အောင်၊ သိမ်မွေ့အောင် ကျင့်ကြံနေထိုင်ကြတဲ့သူတွေပါ။ ‘ကိုယ့်ထမင်းကိုယ်စား၊ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး’ဆို တဲ့ ဆောင်ပုဒ်ကို ဘုန်းဘုန်းတို့ လိုက်နာကျင့်သုံးဖို့ မလိုအပ်ဘူး။ ဘာလို့လည်းဆိုတော့ ဘုန်းဘုန်းတို့မှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းလေးပါး(သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး)တွေကို ကိုယ်တိုင်ရှာဖွေစရာ မလိုဘဲ ဒါယကာတွေက ထောက်ပံ့လှူဒါန်းကြတယ်။ ဒါယကာတွေကို တည်မှီကြရတယ်။ ဆိုတော့ကား ဘာပဲပြောပြော ဘုန်းဘုန်းတွေဆိုတာက လူတွေထက်တော့ စိတ်နှလုံးနူးညံ့နေကြမှာ အမှန်ပါပဲ။ ဘုန်းဘုန်းလည်း ထိုဘုန်းဘုန်းတွေထဲမှာ တစ်ပါးအပါ အ၀င်လေ။ မေးချင်တာသာ မေးစမ်းပါ”
သူက ရယ်လျက်…
“တင်ပါ့။ တပည့်တော်က စကားကို တဲ့တိုးပဲ ပြောတတ်တယ်ဘုရား။ တပည့်တော်မေးချင်တာက ဒီလိုပါဘုရား။ ဘုန်းဘုန်းရဲ့ဆိုဒ်ထဲမှာ တရားဓမ္မတွေ သိပ်မတွေ့ရသလိုပဲဘုရား။ ဘုန်းဘုန်း တစ်ပါးအနေနဲ့ တရားဓမ္မဆိုင်ရာတွေကိုပဲ ရေးသင့်တယ်လို့ ယူဆမိလို့ပါဘုရား”
“အော်…ဒါများလားကွယ် ဘာများစိတ်ဆိုးစရာပါလို့လည်း။ ခုလို မေးလိုက်တာ ဒကာလေး ကိုတောင် ကျေးဇူးတင်နေရဦးမှာပါ။ ဘာကြောင့်လည်းဆိုတော့ ဘုန်းဘုန်းကိုယ်တိုင်လည်း သည်အကြောင်းကို ပြောပြချင်နေတာ။ ပြောခွင့်မကြုံသေးလို့ မပြောဖြစ်သေးတာပါ။ ခုမှ ပဲ ပြောခွင့်ကြုံလို့ ပြောရတော့မယ်”
ဘုဉ်းပေးလက်စ Coca Cola အအေးဗူးကို ဆက်ဘုဉ်းကာ သက်ပြင်းတစ်ချက် ရှုရှိုက်လျက် ထိုဘုန်းဘုန်းကပဲ...
“အင့် ဘုန်းဘုန်းရေးတဲ့စာတွေက တရားဓမ္မတွေနဲ့ လုံးလုံးသွေဖည်သွားတာတော့ မဟုတ်ပါဘူး။ အကိုးအကားတွေလိုတဲ့အခါမှာလည်း ဘုရားဟောဓမ္မတွေကို ယူသုံးရသလို အကြောင်းအရာပေါ် မူတည်ပြီး ကိုယ်သိပြီးသားဘုရားဟောတွေကို လာရောက်ဖတ်ရှုမိတဲ့ မသိရှိသေးတဲ့ လူဝတ်ကြောင်တစ်ဦးတစ်ယောက်က သိပါလေစဆိုပြီးလည်း ထည့်ရေးလေ့ရှိပါတယ်။ ပြောရ ရင်တော့ နည်းနည်းတော့ ရှည်တယ်။ ဒါပေမယ့် ပြီးအောင်တော့ ပြောလိုက်ချင်တယ်။ ပြီးအောင်သာ နားထောင်ပေတော့နော်။ ဘုန်းဘုန်းတို့မှာ မဖြစ်မနေ လိုက်နာစောင့်ထိန်းရ မည့်သိက္ခာပုဒ်တွေ အများကြီးရှိတယ်။ အကြီးဆုံးကတော့ လေးပါးပေါ့။ ဘုန်းဘုန်းစာတွေက အဲဒီလေးပါးတွေနဲ့ ငြိစွန်းမှုတော့ မရှိပါဘူး။ လေးပါးက ဘာတွေလည်းဆိုတော့…
-သည်အမှုကိုပြုရင် ဘယ်အာပတ်သင့်တယ်(ဘယ်လိုအပြစ်ဒဏ်တွေသင့်တယ်) ဆိုပြီး ရဟန်းတော်တွေ တသွေမတိမ်းလိုက်နာရမည့် ဘုရားရှင်ချမှတ်တော်မူထားတဲ့ ၀ိနည်းစည်းကမ်း (ရဟန်းကျင့်ဝတ်)တွေက အကျဉ်းကဘယ်လောက်၊ အကျယ်ကဘယ်လောက်ဆိုပြီး ဟောထား တာရှိပါတယ်။ အပြစ်ကြီးအပြစ်ငယ် အဆင့်ဆင့်ထပ်မံ ခွဲခြားထားပါသေးတယ်။ ဥပမာ အပြစ်ကြီးလေးသွယ်ထဲက တစ်ခုခုကို ကျူးလွန်ရင် ရဟန်းအဖြစ်မှ ဆုံးရှုံးစေသတည်းဆိုပြီး ပညတ်ထားတဲ့သိက္ခာပုဒ်တွေကို ပါရာဇိက(သာသနာတော်မှ ဆုံးရှုံးပြီးသူ)အာပတ်လို့ ခေါ် ပါတယ်။ အဲဒီလေးပါးတွေကတော့…
၁။ မေထုန်အမှုမပြုရ (အောက်ထစ်ဆုံးအားဖြင့် တိရိစ္ဆာန်မ-ကိုတောင်မှ မကျူးလွန်ရ)
၂။ သူတစ်ပါးပစ္စည်းဥစ္စာကို မခိုးယူရ (ခိုးယူလိုတဲ့စိတ်နဲ့ သူတစ်ပါးပစ္စည်း အနည်းငယ်နေရာရွေ့ သွားရင်တောင်မှ အပြစ်ဖြစ်တယ်၊ ဒီသိက္ခာပုဒ်က သိပ်ကို နူးညံ့တာပဲ)
၃။ လူသားဇာတ်တူသူကို မသတ်ဖြတ်ရ ( သူများသတ်ဖြတ်တာကို မြင်ပြီး ကောင်းတယ်ကွ ဆို ပြီးလည်း မချီးမွမ်းရဘူး။ အောက်ထစ်ဆုံးအားဖြင့် ကိုယ်ဝန်တားဆေးကိုလည်း မပေးရဘူး)
၎။ မိမိမှာ ဈာန်၊ မဂ်၊ ဖိုလ်တရားစတဲ့ တရားထူးတွေကို တကယ်မရရှိပါဘဲနဲ့ လူတွေကြည် ညိုအောင် ရပြီဆိုပြီးတော့ လိမ်လည်မပြောရဘူး။ ‘ဘုန်းဘုန်းကတော့ ဆိတ်ငြိမ်တဲ့နေရာမှာ ပဲ မွေ့လျော်တယ်’ အဲဒီလိုလည်း မပြောရဘူး။ (ဈာန်မဂ်ဖိုလ်ရပြီးတာတောင်မှ ပြောရင် အပြစ်ရှိသေးတယ်။ ဒါပေမယ့် အဲဒီအပြစ်ကတော့ သေးငယ်ပြီး ပြန်လည်ပပျောက်အောင် လုပ်လို့ရတယ်)
-သည်လေးပါးလုံးကို ကျူးလွန်မှ မဟုတ်ပါဘူး။ တစ်ခုခုကို ကျူးလွန်မိတဲ့ရဟန်း တစ်ပါးပါးဟာ ဦးခေါင်းပြတ်ပြီးသား လူတစ်ယောက်ကို ဦးခေါင်းနဲ့ကိုယ် ပြန်ဆက်ပေးလည်းပဲ ဘယ်တော့မှ အသက်ပြန်မရှင်နိုင်တော့သလို။ ခေါင်းပြတ်ပြီးသား ထန်းပင်လည်း ဘယ်တော့မှ အညောက်ပြန် မထွက်နိုင်တော့သလို။ ခြောက်ပြီးသား သစ်ရွက်တွေလည်း ဘယ်တော့မှ ပြန်စိမ်းမလာတော့ သလို။ နှစ်ခြမ်းကွဲပြီးသား ကျောက်ဖြာကြီးလည်း ဘယ်တော့မှ ပြန်ဆက်ဖို့ မဖြစ်နိုင်တော့သလိုပဲ ဘယ်တော့မှ ရဟန်းမဖြစ်တော့ပါဘူး။ သာသနာတော်ကြီးကနေ ဆုံးရှုံးသွားပါပြီ။ သင်္ကန်းဝတ် ထားနေလည်းပဲ သူ့မှာ ရဟန်းသိက္ခာမရှိသည့်အတွက် ရဟန်းမဟုတ်တော့ပါဘူး။ သည်ဘ၀ ဘယ်လိုနည်းနှင့်မှ ရဟန်းပြန်ခံလို့ မရတော့ပါဘူး။ ရဟန်းမဖြစ်နိုင်တော့ပါဘူး။ (ကိုရင်ကြီး အဖြစ်နှင့်နေလိုက နေနိုင်သည်)
-နောက် သိက္ခာပုဒ် ၁၃-ပါးက ခုနက လေးပါးလောက် မကြီးလေးတော့သလို ကျူးလွန်မိရင် အယူခံဝင်ခွင့်ရှိတယ်။ ပြန်ကုစားလို့ရတယ်ပေါ့။ ကျန်ရှိနေတဲ့ သိက္ခာပုဒ်တွေကို ကျူးလွန် မိရင်တော့ ချက်ချင်းအာပတ်ပြန်ဖြေ(ချက်ချင်းပြန်ကုစား)လို့ရတယ်။ (ကျမ်းကိုး ၀ိနည်းကျမ်း)
-ဘုန်းဘုန်းရေးတဲ့စာတွေထဲမှာ ရဟန်းအဖြစ်မှ ဆုံးရှုံးသွားရလောက်အောင် စကားတွေ၊ အသုံးအနှုန်းတွေ၊ ဝေါဟာရတွေမပါပါဘူး။ ဒါပေမယ့် တစ်ခါတစ်ခါ ဟာသတွေထဲမှာတော့ နည်းနည်းခါးသီးတဲ့ စကားလုံးတွေ ပါတတ်ပါတယ်။ အဲဒီအတွက်တော့ ခွင့်လွတ်စေချင်ပါတယ်”
“တပည့်တော် သဘောပေါက်ပါပြီဘုရား”
သူက သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ ဆက်ပြောဖို့ အချိန်ရှိနေ သေး တာကြောင့် သူက ဆက်ပြီး…
“ဘုန်းဘုန်းကို နောက်ထပ် မေးချင်သေးတယ်ဘုရား”
“အင့် မေးပါ၊ မေးပါ”
“ဟိုဝါလေဘုရား တလောကတုန်းက ရေပန်းစားသွားတဲ့သတင်းတစ်ခု မြန်မာအမျိုးသားတွေ က မြန်မာအမျိုးသမီးတွေကို ရိုက်နှက်ပုတ်ခတ်တယ်ဆိုတဲ့ သတင်းလေဘုရား။ အဲဒီသတင်းနှင့် ပတ်သက်ပြီး ဘုန်းဘုန်းရဲ့အမြင်ကို သိချင်ပါတယ်ဘုရား”
“အင့် အဲဒီသတင်းကို ပြောရရင် အဲဒီသတင်းက ဘုန်းဘုန်းနဲ့တော့ တိုက်ရိုက်မပတ်သက်ပေမယ့် တစ်နည်းတစ်ဖုံနဲ့တော့ ပတ်သက်နေပါတယ်။ ဘာလို့လည်းဆိုတော့ ဘုန်းဘုန်းရဲ့ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ မဟုတ်ပေမယ့် ရွှေမိသားစုချင်းတူညီတာတွေကြောင့် သိသင့်သိထိုက်တယ်လို့ ယူဆပါတယ်။ ဘုန်းဘုန်း အဲဒီဗွီဒီယိုဖိုင်ကို ကြည့်လိုက်တော့ စ-စချင်းပါပဲ အားကြီးသူက အားနည်းသူကို ရိုက်နှက်ပုတ်ခတ်နေတယ်ဆိုတဲ့အထင်နဲ့ ပြီးတဲ့အထိ ဆက်ကြည့်ဖို့ စွမ်းအင်တွေ၊ ခံနိုင်ရည်တွေ၊ သတ္တိတွေ မရှိတော့ပါဘူး။ စိတ်ထားပျော့ညံ့တယ်လို့ပဲ ဆိုရမလားပဲ။ တကယ်ရိုက်နှက်ပုတ်ခတ်နေတယ်လို့ပဲ ထင်ထားလို့လေ။ အားကြီးသူက အားနည်းသူတွေ ကို နိုင်ရာစား၊ နိုင်ရာကျင့်၊ နိုင်ထက်ကလူ ပြုမူတယ်ဆိုတာက လူ့အလုပ်မှ မဟုတ်ဘဲ။ ဟုတ်တယ်မလား။ တိရိစ္ဆာန်တို့ရဲ့ အလုပ်ပဲလေ။ ဒါပေမယ့် ဘုန်းဘုန်းအထင်တွေ တက်တက်စင် လွှဲခဲ့ပါတယ်။
-တခြားဘုန်းဘုန်းတစ်ပါးရဲ့ အထင်အမြင်ကို ယူသုံးပြောရတော့မယ် အဲဒီဘုန်းဘုန်းက သည်လိုပြောတယ် ‘အဲဒီဗွီဒီယိုဖိုင်ကို သေချာကြည့်လို့ရှိရင် ကောင်မလေးတစ်ယောက်က ရယ်နေတယ်တဲ့။ အဲဒါကို ကြည့်သောအားဖြင့် အဲဒီလို အဖြစ်မျိုးတွေ နောက်ထပ် မဖြစ် ရအောင်၊ နောက်ထပ် မြန်မာမိန်းခလေးတွေ မလုပ်ရဲအောင်ဆိုပြီး ပညာပေးသဘောအနေနဲ့ တင်ပေးတယ်လို့ ထင်တာပဲတဲ့။ တကယ်တမ်း အဲဒီလောက်ရိုက်နေရင် ယောက်ျားလေးအားနဲ့ မိန်းခလေးအား စဉ်းစားကြည့် သေသွားမှာပေါ့လို့’ ပြောတယ်။
-အမြင်အမျိုးမျိုး ရှိမှာပေါ့လေ။ တကယ်လို့ ဟုတ်နေတယ်ဆိုရင်လည်း ဆုံးမတာ အဲဒီလောက်ထိ မလိုအပ်ဘူးလို့ ထင်တာပဲ။ ဆုံးမတာကို သဘောကျတယ်။ နှစ်သက်တယ်။ အားလည်းပေးတယ်။ သို့ပေသည့် အဲဒီလောက်ထိ ကြမ်းတမ်းရိုင်းစိုင်းနေလည်း နောက်မိန်းကလေးတွေ တကယ်ကြောက်ပြီး တကယ်ကိုလိုက်နာစောင့်ထိန်းကြမှာတဲ့လားဆိုတာလည်း စဉ်းစား စရာ ဖြစ်နေပါတယ်”
“မှန်ပါဘုရား။ အရှင်ဘုရား ဘလော့ရေးတာတော့ ဟုတ်ပါပြီ။ သာသနာ့ဝန်ထမ်း ဘုရား သားတော်တွေ လူမှု့ရေးတွေနဲ့ ဟိုဘလော့ဂါကိုတွေ့ချင် ဒီဘလော့ဂါကို ဆုံချင်နဲ့ အလကား ကိစ္စ၀စ္စများ အောင် လုပ်ရာမရောက်ဖူးလားဘုရား။ ပြီးတော့ ဘလော့ဂါတွေဆိုတာ ဘလော့ပေါ် မှာပဲ ရင်းနှီးတာ ကောင်းတယ်။ စိတ်မှန်တဲ့ လူတွေမဟုတ်ကြလို့ ဘလော့ရေးနေကြတာ မဟုတ်ပါလား”
“ဟိုးဒါး ဟိုးဒါး သည်တစ်ခါတော့ ဒကာလေးမှားသွားပြီ သိပ်ကို မှားသွားပြီ။ တစ်ရွာလုံးက မိအေးနဲ့မတည့်ရင် တစ်ရွာလုံးအမှားမဟုတ်တော့ဘူး။ မိအေးအမှားပဲ ဖြစ်တော့မယ်။ ခုလည်း အဲဒီသဘောသက်ရောက်နေတယ် ဒကာလေး။ ဘုန်းဘုန်းရှင်းပြမယ် နားထောင်နော်”
“တင်ပါ့ဘုရား”
“ဘုန်းဘုန်းက သပိတ်တစ်လုံး သင်္ကန်းသုံးထည်နဲ့ ဟိုး တော၊ တောင်ထဲ၊ သစ်တစ်ပင်၊ ၀ါးတစ်ပင်အောက်မှာ မနေနိုင်သေးဘူး ဒကာလေး။ နေနိုင်တဲ့ဘုန်းဘုန်းတွေကိုလည်း ဘုန်းဘုန်း သည်နေရာကနေ ရိုသေဦးချ ကန်တော့လိုက်ပါတယ်။ သပိတ်တစ်လုံး သင်္ကန်းသုံးထည်နဲ့ မနေနိုင်သေးတဲ့အတွက် ဒကာ၊ ဒကာမတွေနဲ့ ကင်းရှင်းအောင် မနေနိုင်သေးဘူး။ ဘုန်းဘုန်း က ကျောင်းပြီးသွားလို့ ပရဟိတကျောင်းဖွင့်တဲ့အခါကျရင်လည်း ကိုရင်၊ ကိုရင်လေး၊ ကျောင်း သူ၊ ကျောင်းသားတွေရဲ့ စားဝတ်နေရေးတွေအတွက်က ဘုန်းဘုန်းက ဒကာ၊ ဒကာမတွေကိုပဲ အားကိုးအားထားရပါလိမ့်မယ်။ အများပြောနေကြတဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပေါ့။ ဒါဆိုရင် ဘုန်းဘုန်းအပေါ် နားလည်လောက်ပါပြီ။ အပြင်မှာ ဆုံချင်တယ်ဆိုတာလည်း တကယ်ခင်မင် သွားလို့ သံယောဇဉ်ဖြစ်မိတာကြောင့် တွေ့ချင်နေတာပါ။ တကယ်တော့ သံယောဇဉ်ဆိုတာ အကုသိုလ်တရားလောဘနော်။ ဘုန်းဘုန်းက ပုထုဇဉ်ရဟန်းပီပီ လောဘကို မပယ်နိုင် သေးတော့ တွေ့ချင်ဆုံချင်နေမိပါသေးတယ်။ ဆုံချင်တယ်ဆိုတာကလည်း နှစ်ဦးနှစ် ဘက်ဆန္ဒရှိမှ ဆုံဆည်းခွင့်ရှိတာပါလေ”
ဆည်းဆာရောင်က ထိုင်ခုံတွေပေါ် ဖြာကျလာသည်။ ကျောင်းပြန်ဖို့ လာပြောနေ သယောင်ယောင်။ နေမင်းကြီးလည်း တစ်နေ့တာ တာဝန်ပြီးဆုံးပြီမို့ MRT စီးပြီး အိမ်ပြန်တော့မည်။ ဘုန်းဘုန်းက သူ့ဖုံးထဲက နာရီကို တစ်ချက်ကြည့်လိုက်ပြီး…
“ဒကာလေးရေ ဘုန်းဘုန်းလည်း ပြန်ဖို့ ချိန်တန်ပြီ။ မလေးမှာ မိုးချုပ်သွားရင် တစ်ယောက်တည်း ဆိုရင် သွားလို့လာလို့ သိပ်တော့ အဆင်မပြေလှဘူး။ ကိုယ့်ဘက်က ဘယ်လောက်ပဲ မှန်ကန်နေပါစေလေ လူဆိုးတွေနဲ့ တွေ့ရင် ကိုယ်ခံရမှာပဲ။ ဟော ဒါကတော့ ဘုန်းဘုန်းတည်းခိုတဲ့ …………လိပ်စာလေးပေါ့။ ဒါကတော့ မလေးရောက်ခိုက် ကိုင်ထားတဲ့ …………ဖုံးနံပါတ်လေးပါ။ ဒါလေးက …………အီးမေးလ်၊ ဒကာလေး နောက်ထပ် သိချင်တာများရှိရင် ဆက်သွယ်မေးမြန်းလို့ ရပါတယ်နော်”
“တင်ပါ့ဘုရား။ ကျေးဇူးတင်ပါတယ် အရှင်ဘုရား။ အွန်လိုင်းမှာ ဆုံကြတာပေါ့ဘုရား”
အဲဒီနောက် ဘုန်းဘုန်းနှင့် ထိုဒကာလေးတို့ အသီးသီးလမ်းခွဲသွားကြတော့သည်။ သူသိချင် တာလေး သိခွင့်ရလိုက်တာကြောင့် အပြန်လမ်းမှာ သူ့ခြေလှမ်းတွေ ပေါ့ပါးသွက်လက် ပြီး လေပေါ်လမ်းလျှောက်နေရသကဲ့သို့နှယ်။ ဘုန်းဘုန်းလည်း သူ ပြောပြချင်တဲ့ အရာတွေ ကို ပြောပြခွင့်ရလိုက်တော့ ဘတ်စ်ကားပေါ်တွင် အပြုံးတွေ ခြေရာထပ်နေတော့သည်…။
(သည်ဇာတ်လမ်းနဲ့ပတ်သက်ပြီး ငြင်းပယ်စရာ၊ အမှားပြင်စရာ ရှိပါက မီးကဲ့သို့ မပူစေဘဲ သိကြားပမာ ချိုချို သာသာ ငြင်းပယ်ကြေး...)
ပြီး…
မှတ်ချက်။ ။ဘုန်းဘုန်းသည် သည်စာကိုရေးသူ ဘုန်းဘုန်းဖြစ်သည်။



12 comments:
မိအေးနဲ့ တည့်အောင် နေပါ့မယ်လေ...:D
မှတ်ချက်..။comment ပေးသူ ကိုရင်သည် ကိုရင်ဖြစ်သည်။
လာအော်တဲ့ငရဲသား မိအေးတစ်ကောင်တော့ဘမ်းပစ်လိုက်ပြီ ဘုန်းဘုန်းရေ ..
ငရဲဇောက်ထိုးဆင်းမယ့်သူတွေဆိုတော့ ၀စီကံကိုမထိန်းသိမ်းကြတာလေ .
ဆရာတော်တွေကိုအဲလိုပြန်မေးပြီးထောက်ပြတဲ့သူတွေရဲ့ စိတ်မှာရော သာသနာကိုဘယ်လောက်ယုံကြည်သလဲ
သံဃာ ကိုဘယ်လိုရိုသေရမလဲ ဆိုတာ ကိုယ့်ကိုကိုယ်တရားမစစ်ဘဲနဲ့ သူများလက်ညိုးထိုးတတ်တဲ့ စိတ်တွေကရော ဘာတွေလဲ ဆိုတာတော့ ပြန်ဆန်းစစ်ဖို့လိုပြီထင်ပါရဲ့။။
ညစ်နွမ်းစိတ်နှင့် ရှက်ဖွယ်လိလိ ၀စီညစ်၏ ။
ရိုသေလေးစားလျှက်
မဒိုးကန်
္ကဤစာကိုရေးသူ မဒိုးကန်သည် မဒမ်ကိုးဖြစ်ပါသည် :D
ဘုန်းဘုန်းရှင်းပြတာလေးတွေကို တပည့်တော်လဲ သေချာလေး ဖတ်မှတ်သွားပါတယ် ဘုရား... ရှေ့က လင်မယား နှစ်ယောက်ကတော့ သူတို့ ကိုယ်သူတို့ ကြော်ငြာဝင်ပြီး အလုအယက်ကွန်မန့် တွေပေးသွားကြတယ်... တပည့်တော်ကတော့ ကြော်ငြာမဝင်တော့ပါဘူး...
ပွင့်လင်းမြင်သာတဲ့ အကောင်းမြင်ဆွေးနွေးချက်တွေ အတွက် သံသယဖြစ်တာတွေ မရှိတော့တာ လက်ငင်း ပစ္စပ္ပုန်တင်မကဘူး သံသရာအတွက်ပါ အကျိုးများစေပါတယ်၊ ဘုန်းဘုန်းပိုစ့်လေးက အဖိုးတန်လို့ သာဓုခေါ်သွားပါတယ်ဘုရား :)
ဘန်ကောက်မြေမှ ရှိခိုးဦးချကန်တော့လိုက်ပါတယ်။
သံသရာလမ်းခရီးမှာ ပေါ့ပါးသော အသက်မွေးမှုဖြင့် ဘုန်းဘုန်းလည်း ရည်ရွယ်ချက်တွေ အောင်မြင်ပါစေ။
ဘယ်ပြေးမလဲမိအေး တွယ်လိုက်ရချည်သေးရဲ့..။
မှတ်ချက်။ ဤကွန်မင့်ရေးသူ ဘုန်းဘုန်းချယ်ရီမြေ ဖြစ်ပါသည်။ အားလုံးအိုကေ စိုပြေပါစေ ကိုတောင်ကြီးရေ..။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
အပြစ်ကင်းတဲ့လူသား ရှာမှရှားမို့
လူတိုင်းအပြစ်တွေနဲ့လို့ဆိုနိုင်တယ်ဘုရား
သို့သော်ငြားလည်း အပြစ်ကြီးအပြစ်ငယ်ဆိုတာ ရှိသေးတာကိုး လူတိုင်းမှာကောင်းကွက်ဆိုးကွက်ရှိတယ်ဆိုတာလည်း တပည့်တော်လက်ခံတယ် ဥပမာ ဆိုကြပါစို့ အင်္ကျီဖြူတစ်ထည်မှာအမည်းစက်စွန်းသွားတယ် အမည်းစက်သေးသေးလေးက အင်္ကျီဖြူထည်ကို အမြင်တမျိုးဖြစ်စေနိုင်ပေမယ့် အဖြူရောင်တထည်လုံးကို အမည်းစက်လေးက ကွယ်ဝှက်သွားနိုင်တာမှမဟုတ်တာ
သို့ကြောင့် အကြောင်းကျိုးမညီရင်တောင်မှ ချိန်ခွင်များလို အလေးချိန်ပိုများတဲ့ဖက်ကြည့်ပြီး ခွှင့်လွှတ်နားလည်နိုင်ဖို့ ကြိုးစားမြဲပါဘုရား
မောင်ဘကြိုင်
ရဟန်းများ ဘလော့ဂ်ရေးသားခြင်းကို လုံးဝမကန့်ကွက်ပါဘူးဘုရား
ရေးတဲ့စာတွေက ဝိနည်းနဲ့မငြိစွန်းတော့ ရေးရတဲ့ ဘုန်းဘုန်းတွေလည်း စိတ်လက်ကြည်သာမယ်။ ဖတ်ရတဲ့ စာဖတ်သူတွေလည်း အသိအမြင်တိုးရလို့ ကျေနပ်ကြရမှာပါဘုရား။
ဘုန်းဘုန်း
ကိုယ်လျှောက်နေတဲ့လမ်းကိုဘဲကြည့်ပြီး
ပန်းတိုင်ရောက်အောင်ဆက်လျှောက်ပါ..
ဘုန်းဘုန်း ပရဟိတကျောင်းဖွင့်ဖြစ်တဲ့အခါကျရင်
ပစ်ပစ်တို့မိသားစု တတ်အားသရွေ့ ကူညီပါရစေ..
မှတ်ချက် ။။ဤ ကောမက်ရေးသူသည်
ပါးပါးကိုရင်နှင့်မားမားမဒမ်ကိုးတို့ရဲ့
ဘာမှမကျွေး ဘာမှမမွေးသောသမီးလေး
CIA မှ Jerrypigpig ဖြစ်သည်..။။။
ထိရောက်တဲ့ ပို့ စ်လေးပါ ဘုရား..
"ဘလော့ဂါတွေဆိုတာဘလော့ပေါ်မှာပဲရင်းနှီးတာ
ကောင်းတယ်။ စိတ်မှန်တဲ့ လူတွေမဟုတ်ကြလို့ ဘလော့ရေးနေကြတာမဟုတ်ပါလား” ဆိုတဲ့မေးခွန်းလေးကိုဖတ်မိတဲ့အခါ ရင်ထဲမှာအောင့်သွားသလိုပဲဘုရား။
အရှင်ဘုရားရဲ့အဖြေလေးကြောင့်ရင်ထဲပြန်လည်လို့
အေးချမ်းသွားပါတယ်း) ဘယ်လိုဖြစ်စေဘလော့ဂါ
တွေကိုရင်းနှီးခင်မင်တွယ်တာမိတဲ့သံယောဇဉ်တော့
ရှိမိတာအမှန်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။
မေတ္တာဖြင့်
အန်တီတင့်
သင့်တင့်လျောက်ပတ်ပါပေတယ်။
Post a Comment