Saturday, January 21, 2012

မလေးရှားက ဘလော့ဂါများနဲ့ ဆုံတွေ့ခြင်း...


သည်လ ၁၀-ရက်နေ့ အဲယားအေရှလိုင်းနဲ့ အိန္ဒိယနိုင်ငံ၊ ချယ်နိုင်းမြို့ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ကြီးသို့ ပျံသန်းထွက်ခွါလာခဲ့ပါတယ်။ အိပ်ယာထတာ နည်းနည်းနောက် ကျသွားလို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းနေတာနဲ့ ကော်ဖီလေးဘာလေး သောက်ဖို့တောင် အချိန်မရလိုက်ဘူး။ ကော်ဖီတင် ဘယ်ကပါ့မလည်း လေယာဉ်ပေါ်ရောက်ရင် စားဖို့၊ သောက်ဖို့ လည်း သယ်ခဲ့ဖို့ မေ့သွားတယ်။ လေယာဉ်စီးပါမယ်ဆိုမှ သယ်ခဲ့ရမယ်ဆိုတော့ ရယ်စရာ များ ဖြစ်သွားပြီလား မသိဘူး။ အဲယားအာရှက တခြားလေယာဉ်နဲ့ မတူပါ။ 

တခြားလေယာဉ်မှာတော့ စားဖို့သောက်ဖို့ လက်မှတ်ဝယ်ကတည်းက ပေးလိုက်ရပြီး လေ ယာဉ်ပေါ်မှာ သူတို့ကျွေးတာ စားရတယ်။ အဲယားအေရှမှာ လက်မှတ်ဖြတ်တုန်းကတည်းက ဘာစားမယ်ဆိုပြီး တစ်ခါတည်းဝယ်ထားရင်ဝယ်ထား၊ မ၀ယ်ထားလို့ကတော့ လေယာဉ်ပေါ် မှာတော့ ယောင်ပြီးတော့ ရေတောင်လာမတိုက်ဘူးမှတ်။ ဒါပေမယ့် စားစရာ၊
သောက်စရာတွေ ကိုတော့ လိုက်ရောင်းပါတယ်။ အပြင်ဆိုင်တွေနဲ့ ငါးဆလောက်တော့ ကွာမယ် ထင်ပါတယ်။


ကော်ဖီတစ်ခွက်တော့ ၀ယ်သောက်လိုက်ပါတယ်။ ကော်ဖီက အပြင်မှာ အိန္ဒိယရူပီး ၂၀-လောက် ပေးရမယ်ဟာကို လေယာဉ်ပေါ်မှာ အိန္ဒိယရူပီး ၁၉၀-ကျပ်ပေးရပါတယ်။ ၂၀၀-ပေးလိုက်တော့ No Balance တဲ့။ ဆွမ်းဝယ်စားလိုက်ရင်လည်း ဘုန်းဘုန်းတို့ က တောသားလေ နည်းနည်းလေးလည်း မဘုဉ်းပေးတတ်ဘူး။ နှစ်ပွဲစားရင် သူများတွေ ရယ်နေကြဦးမယ်။ အဲဒါနဲ့ မစားဖြစ်လိုက်ဘူး ဆိုပါတော့။ လက်မှတ်ဝယ်ဖို့ အွန်လိုင်းမှာ ချက်ကြည့်တုန်းက ပရိုမိုးရှင်းတွေ၊ ပရိုမိုးရှုပ်တွေကို ကြည့်လိုက်သေးတယ်။ 

ပရိုမိုးရှင်းကိုဖြတ်မယ်လုပ်တော့ ရောက်မည့်အချိန်ကို ကြည့်လိုက်တော့ ညသန်းခေါင်တဲ့။ အဲဒီအချိန်ရောက်လို့တော့ မဖြစ်။ တည်းမည့်နေရာမှာ သူများကိုနိုးရမှာတစ်ကြောင်း၊ အဲဒါ နည်းနည်းတော်ပါသေးတယ်။ အဲဒီထက် ပိုဆိုးတာက မလေးမှာ ဓားပြတွေ မကြာခဏ ကြုံရတယ်ဆိုပဲ။ ဂျာနယ်လ်တွေထဲမှာလည်း ပါပါတယ်။ ပိုက်ဆံအိတ်လုသွားလို့၊ ကားလုသွား လို့၊ ထက်စီပေါ်မှာ ဓားနဲ့ထောက်ပြီး ပါတာအကုန်ယူပြီး လူကိုလည်း ကြိုးနဲ့တုတ်ထားသေး တာတို့ အများကြီးပေါ့လေ။ ဓားပြတွေက နိုင်ငံခြားသားတွေ များတယ်ဆိုပဲ။ ပါကစ္စတန်တို့၊ အိန္ဒိယတို့စသည်တဲ့။ ဘုန်းကြီးဆိုပြီး လုပ်မှာမဟုတ်ဘူးလို့ မထင်နဲ့။ ဓားပြတိုက်ခံရဖူးတဲ့ ဘုန်းဘုန်းတစ်ပါး ရှိခဲ့ဖူးတယ်။

 
မလေးရှားရောက်တိုင်း၊ ရောက်တိုင်း လေဆိပ်ကထွက်တာနဲ့ ဒုံးယိမ်းအကတွေနဲ့ ညီညာဖျဖျ ကြိုဆိုနေကြတဲ့ ဆီအုန်းပင်တွေက တစ်ပုံတစ်ခေါင်း။ ညီညာဖြောင့်ဖြူးပြီး သန့်ရှင်းပြန့်ပြူးနေတဲ့ ကားလမ်းတွေပေါ် သွားရတော့ တမင်တကာမနှိုင်းယှဉ်ပေမယ့် စိတ်ထဲမှာ အော်တိုမိတစ် နှိုင်း ယှဉ်ပြီးသား ဖြစ်သွားပါတော့တယ်။ 

ပူလောင်အိုက်စပ်နေပြီး အနံ့ဆိုးတွေနဲ့ ပြည့်နှက်နေတဲ့ အိန္ဒိယက ကားလမ်းတွေကို အလို လို မြင်ယောင်နေမိတော့တယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်၏၊ မတိုးတက်၏ဆိုတာ ဒါကို ခေါ်တာ များလား။ ဟုတ်တာပေါ့၊ အဲဒါကို ခေါ်တာ။ ကားစီးနေရင်းနဲ့ ကားနဲ့ကားလမ်းကော ထိမှထိနေ ရဲ့လားလို့တောင် ထင်မိသေးတယ်။ နှစ်နာရီ၊ သုံးနာရီ၊ လေးနာရီ၊ ငါးနာရီခန့် ကြာအောင် ပြေးနေတဲ့အဝေးပြေးလိုင်းကားတွေ (ဧရာမကားကြီးတွေ) တစ်ကားလုံးမှာ ခရီးသည် သုံးလေးယောက်ပဲရှိလည်း ပုံမှန် ပြေးနေတာပဲ။ လူမပြည့်မချင်းစောင့်၊ လူနည်းရင် လည်း နောက်ကားနဲ့ပေါင်းပေးတာမျိုး မရှိ။


ဒကာတော် ကိုအေအေတီအို၊ ဒကာတော် ကိုဇော်၊ ဒကာတော် ကိုမိုးယံ
ဒကာတွေဆိုတော့ ခွင့်မတောင်းဘဲနဲ့ တင်လိုက်ပါတယ်။ စိတ်ဆိုးမယ် မထင်လို့ပါ။ ဒကာမတွေဆိုရင်တော့ အရင်ခွင့်တောင်းပြီးမှ တင်မှာပါ။
 
 
၂၁၊  ၁၊ ၂၀၁၂ ဒီနေ့မှာ အပျော်ဆုံးနေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး။ ဘာကြောင့်လည်း ဆိုတော့ မလေးရှားက ဘလော့ဂါများဖြစ်ကြတဲ့ ကိုဇော်၊ ကိုအေတီတီအို၊ ကိုမိုးယံတို့ ဘုန်းဘုန်းကို လာတွေ့တဲ့နေ့ ဖြစ်လို့ပါပဲ။ သူတို့နဲ့တွေ့တော့ ဟိုတစ်နေ့က တင်လိုက်တဲ့ ဟာသထဲက ထီပေါက်ရင် တစ်ဝက်ပေးမယ်လို့လည်းပြောရော မေ့မြောသွားတဲ့ ဒေါက်တာ လိုပဲ ၀မ်းသာပီတိတွေ ပြည့်နှက်နေပြီး ဘာပြောရမှန်းကို မသိတော့ဘူး။ 

အရင်တစ်ခေါက်တုန်းကတည်းက ဆုံမလို့ပါပဲ။ “ကိစ္စများမြောင် လူတို့ဘောင်”ဆိုသည့်အတိုင်း ပဲ လွဲသွားခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ ဆုတောင်းပြည့်သွားတယ် ထင်တယ်။ ဘလော့ဂါတို့ အရေး အသားတွေကို ကြည့်ပြီး အပြင်မှာ မြင်ဖူး၊ ဆုံဖူးချင်နေတာဟာ ဘုန်းဘုန်းရဲ့ ရင်ထဲက လာတဲ့ မှန်ကန်တဲ့သစ္စာစကားပါ။ ဘန်ကောက်မှာတုန်းကလည်း ဘန်ကောက်ကနေ ကမ္ဘောဒီးယားကို ဘယ်လိုသွားရမယ်ဆိုပြီး ဖုန်းနဲ့တစ်ဖုံ၊ အွန်လိုင်းနဲ့ တစ်ကြောင်း မေတ္တာစေ တနာအပြည့်အ၀နဲ့ ကူညီပေးနေတဲ့ ခရစ္စတလ်ကိုလည်း အပြင်မှာ မဆုံလိုက်ရဘူး။ အလင်းစက်နဲ့လည်း ဖုံးနဲ့ ပဲ ပြောဖြစ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားက ကိုထွဋ်နဲ့တော့ ဆုံဖြစ်ခဲ့ပါ တယ်။ မအားလပ်တဲ့ကြားက ကိုယ်တိုင်ကိုယ်ကျ အနီရောင်ဦးထုပ်ထိုးပေးတဲ့ အင်္ဂလန်က မမေဓာဝီကိုလည်း မမြင်ဖူးသေးဘူး။  



မာမီတင့် ပြောတဲ့စကားကို ပြန်ကြားယောင်နေမိတယ်။ အပြင်မှာ ဘလော့ဂါတွေနဲ့ ဆုံတွေ့ လိုက်ရင် အလိုလိုပျော်ရွှင်သွားတယ်ဘုရားတဲ့။  

နေဇော်လင်းက ၂၇-ရက်နေ့ လာတွေ့မယ်ဆိုပဲ...။ နောက်ထပ် အပြင်မှာ ဆုံဖူး၊ တွေ့ဖူးချင်တဲ့ ဘလော့ဂါတွေ အများကြီး ကျန်ပါသေးတယ်။ 

21 comments:

Angelhlaing(May everybody be happy and healthy! said...

အိန်ဂျယ်လဲ တွေ့ချင်တယ် ဘုန်းဘုန်း....:):)

Anonymous said...

ဘုန်းဘုန်းရေ ဘယ်မှာနေတာလဲ ဘုရား တပည့်တော် ကကေအယ်ရောက်နေပါတယ် .အိမ်ကကေအယ်မှာပါ . တပည့်တော် ၂၆ ရက်နေ့ပြန်ပါ့မယ် . ကိုရင်ကတော့အလုပ်မပိတ်လို့ ၂၃ တစ်ရက်ထဲခွင့်ယူထားရပါတယ် ..

ရိုသေလေးစားလျှက်

မဒိုးကန်

မေဓာဝီ said...

ဟားး ဘုန်းဘုန်းတောက်ကတော့ လုပ်ပြီ။ ဘလော့ဂါ ဘုန်းဘုန်းလို့ မပြောရဘူး ဦးထုပ်မပို့ရသေးခင် ဘလော့ပေါ် တင်ထည့်လိုက်တာပဲ၊
တပည့်တော်တော့ အဲဒီဦးထုပ်လေး FB မှာ တင်မိတာ ဦးထုပ်ထိုးပေးဖို့ အော်ဒါတွေ အများကြီး ရလိုက်တယ်။ ကုသိုလ်ဖြစ်တွေ ချည်းပဲ :))

san htun said...

စတိတ်ကို လာလည်ရင် စန်းထွန်းရှိတယ် ဘုရား..

jasmine(တောင်ကြီး) said...

ဘုန်းဘုန်းဘယ်မှာနေတာလဲ
ဘယ်လောက်ကြာမလဲဘုန်းဘုန်း
ကေအယ်လ်ခရီးချမ်းမြေ့ပါစေ

mstint said...

ဟယ် ပျော်စရာကြီးပါလား ဘုန်းဘုန်းတောက်ရေ။
မာမီတင့်လည်းအခု မချော ညီမမြသွေးတို့နဲ့ ဆုံဘို့ရာ
စိုင်းပြင်းနေတယ်။ ဘလော့ဂါတွေကိုအပြင်ဘက်မှာ
တွေ့လိုက်ရတိုင်း ရင်းနှီးကျွမ်းဝင်ပြီးသား
မိတ်ဆွေတွေလိုပဲခံစားမိတာ မမြင်ရတဲ့ ရင်တွင်း
သံယောဇဉ်တွေကြောင့်ဖြစ်မယ်ထင်တယ်ဘုရား။
ဘလော့ဂါတွေဆုံရင်ဓာတ်ပုံတွေရိုက်တင်ပေးပါလား။
ဒကာမတွေကလည်းသဘောတူမှာပါဘုရား :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။

မေတ္တာဖြင့်
အန်တီတင့်

An Asian Tour Operator said...

အပြင်မှာ တွေ့ လိုက်ရ၍ အလွန်ဝမ်းမြောက် ၀မ်းသာ ဖြစ်ရပါသည်။ အန်တီတင့် ကွန်မန့်ကို လဲ သဘောကျပါသည်။ မေဓာဝီ ဦးထုပ်ကိုလဲ သဘောကျပါသည်။ မဒိုးကန် ၂၃ ရက်နေ့ နေ့ တွေ့ချင်ရင် လေမိုး ကိုလိုက်ပို့ ခိုင်းလို့ ရပါသည်။ :))

Crystal said...

ဘုန်းဘုန်းတောက်ရေ ဒီတခါလာလည်ရင်တော့ လာဖူးဖြစ်အောင် ကြိုးစားပါ့မယ်ဘုရား :)

ဟန်ကြည် said...

ဘုန်းဘုန်းတောက်တို့ကိုကြည့်ရင်း တပည့်တော်ပါ ပျော်လာတယ်...အဲဒီဘလော့ဂါတွေပုံကို ပို့စ်ပေါ်တင်လိုက်တာ သူတို့စိတ်မဆိုးပါဘူးတဲ့...ကိုအေအေတီအိုတစ်ယောက်ပဲ ခရီးပေါက်ပြီး ကျန်တဲ့နှစ်ယောက်က မစွံသေးလို့ ဘလော့ပတ်ပြီး ကြော်ငြာဝင်ဖို့ ပြင်နေကြတယ်ဆိုပဲ...အခုလို ဘုန်းဘုန်းတောက်က တင်ပေးလိုက်တော့ ၀မ်းသာလွန်းလို့ နှစ်ယောက်သား ကျွမ်းပစ်ပစ်ပြီး ကလိုက်ကြတာ အူခေါက်သွားလို့ ဆေးရုံတက်လိုက်ရကြောင်း မခိုင်လုံသော အတင်းရပ်ကွက်ကနေ ကြားသိရပါသည်...

Anonymous said...

ကိုယ်ပါရောယောင်ပျော်ရတယ်ဘုရား
ဆြာဟန့်မန့်ချက်ကိုဖတ်ပြီး အူခေါက်သွားရှာတဲ့ ကိုဇော်နဲ့မိုးယံကိုမြင်ယောင်သနားမိပါတယ်ဘုရား
သူတို့မြန်မြန်ခရီးရောက်ဖို့ ဆုပေးခဲ့ပါဘုရားး)


မောင်ဘကြိုင်

သမီးစံ said...

ဘုန်းဘုန်းတောက်..
ပျော်စရာကြီးပါလားဘုန်းဘုန်းရဲ့း))

Anonymous said...

အရှင်ဘုရား.....
ုKL ကိုရောက်နေတယ်ဆိုလို့ ဖူးချင်လှပါရဲ့
သို့ပေမင့် အလုပ်ကနားရက် မရဘူးဖြစ်နေတယ် ဘုရာ့။
ဒီရက်တွေမှာသာ အလုပ်နားလိုက်ရရင်ဖြင့် ဘလော့ဂါ အကိုကြီးတွေကိုလည်း တစ်ခါတည်းတွေ့ရသေး အရှင်ဘုရားကိုလည်း ဖူးရသေး အခုတောင်မှ တွေးရင်ပျော်သွားပြီ။

အကြောင်းကြီးငယ်ရှိခဲ့ရင် ပြောပါဘုရာ့ တပည့်တော် ဖုန်းနံပါတ် ထားခဲ့ပါတယ်။
( 0173047735 )

( မင်းဧရာ )

blackroze said...

ဘုန်းဘုန်းတောက်
ပစ်ပစ်တို့စီလည်းလာလည်လေ..
ပစ်ပစ်တို့စီမှာလည်းဘလော့ဂါတွေ
အများကြီးရှိပါတယ်..

မိုးယံ said...

ပျော်တယ်...ဒလကြမ်းပဲ.... ။ စိတ်နာဒယ်...ဆရာဟန့်ကွန်မန့်ဂျီးကို ၊ ဟင့်ဟင့်...သများတို့က အပျော်လွန်တာတောင် အူခေါက်ပြီး ဆေးရုံရောက်ရသတဲ့...။ ဒီကြားထဲ မင်းသားက မုဒိတာ ၀င်ပွားသွားသေးတယ်..။

:P :P :P

ကိုဇော် said...

ဘုန်းဘုန်းတောက်ကတော့ သွက်ပါ့ဗျာ။
တပည့်တော်ကတော့ အဲဒီနေ့က ပြန်ရောက်ရောက်ချင်း မအားလို့ အခုမှ ရောက်တော့တယ်။ ဖဘမှာလည်း အခုမှသာ တင်ဖြစ်တော့တယ် ဘုရား။

အမြဲတမ်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

ညီရဲ said...

ဘုန်းဘုန်း တပည့်တော်တို့ ဆီကိုလဲ တစ်ခေါက်လောက်ဖြစ်ဖြစ် လာခဲ့ပါဦးလား... အပြင်မှာ တွေ့ ဖူးချင်လို့ ပါ...

ကိုရင် said...

နီနီးလေးနဲပ တစ်ယောက်ကရော ဘော်ကာပဲလား ဘုရား :D

Junemoe said...

ဟိုနေ့ကပဲ တီ ဖုန်းဆက်သေးတယ်.. ဘလော့ဂါ မမမြသွေးနဲ့ မမချော လာမယ်တဲ့.. သွားလို့မရလို့ မသွားလိုက်ရဘူး.. အဲ့လိုလေး ဆုံချင်လိုက်တာ ဘုရား.. :)

ခင်မင်လျက်
Junemoe

Anonymous said...

အရှင်ဘုရား ဘလော့ရေးတာတော့ ဟုတ်ပါပြီ။ သာသနာ့ဝန်ထမ်း ဘုရားသားတော်တွေ လူမှု့ရေးတွေနဲ့ ဟိုဘလော့ဂါကိုတွေ့ချင် ဒီဘလော့ဂါကို ဆုံချင်နဲ့ အလကား ၀ိစိကိစ္စများ အောင် လုပ်နေကြတယ်။ ဘလော့ဂါတွေ ဘလော့ပေါ်မှာပဲ ရင်းနှီးတာ ကောင်းတယ်။ စိတ်မှန်တဲ့ လူတွေမဟုတ်ကြလို့ ဘလော့ရေး နေကြတာ မဟုတ်ပါလား။

ဘုန်းဘုန်းတောက် said...

အနောနီးမတ်စ်က ဘုန်းဘုန်းလား၊ ဒါယကာလား မသိဘူးလို့နော်။ တကယ်လို့ ဘုန်းဘုန်းဆိုရင်လေ တစ်ခုလောက် လျှောက်လိုက်ချင်တယ်ဘုရား။ တပည့်တော်က သပိတ်တစ်လုံး သင်္ကန်းသုံးထည်နဲ့ ဟိုး တော၊ တောင်ထဲ၊ သစ်တစ်ပင်၊ ၀ါးတစ်ပင်အောက် မနေနိုင်သေးဘူးဘုရား။ နေနိုင်တဲ့ဘုန်းဘုန်းတွေကိုလည်း တပည့်တော် သည်နေရာကနေ ရိုသေဦးချ ကန်တော့လိုက်ပါတယ် အရှင်ဘုရား။ သပိတ်တစ်လုံး သင်္ကန်းသုံးထည်နဲ့ မနေနိုင်သေးတဲ့အတွက် ဒကာ၊ ဒကာမတွေနဲ့ ကင်းရှင်းအောင် မနေနိုင်သေးဘူးဘုရား။ တပည့်တော်က တကယ်လို့ ကျောင်းပြီးသွားလို့ ပရဟိတကျောင်းဖွင့်တဲ့အခါကျရင်လည်း ကိုရင်၊ ကိုရင်လေး၊ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ စားဝတ်နေရေးတွေအတွက်က တပည့်တော်က ဒကာ၊ ဒကာမတွေကိုပဲ အားကိုးအားထားရပါလိမ့်မယ်ဘုရား။ အများပြောနေကြတဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပေါ့ဘုရား။ ဒါဆိုရင် တပည့်တော်အပေါ် နားလည်လောက်ပါပြီဘုရား။ အခုလို အပြင်မှာ ဆုံချင်တယ်ဆိုတာလည်း တကယ်ခင်မင်သွားလို့ သံယောဇဉ်ဖြစ်မိတာကြောင့် တွေ့ချင်နေတာပါဘုရား။ တကယ်တော့ သံယောဇဉ်ဆိုတာ အကုသိုလ်တရား လောဘနော်ဘုရား။ တပည့်တော်က ပုထုဇဉ်ရဟန်းပီပီ လောဘကို မပယ်နိုင်သေးတော့ တွေ့ချင်ဆုံချင်နေမိပါသေးတယ်ဘုရား။

Candy said...

ဘုန်းဘုန်းက ခရီးသွားနေတာပေါ့...
ိလွင်မိုးခရီးသွားနေသည် မဟုတ်ဘူး ဘုန်းဘုန်းတောက် ခရီးသွားနေသည်ပေါ့ ဟီးဟီး

ကန်တော့ ကန်တော့ ဘုန်းဘုန်းကို နောက်နေတယ် >.<

လမ်းခရီး အဆင်ပြေပါစေရှင့် :)